International News

အမျိုးသားအမှတ်တံဆိပ်အသစ်နှင့် စာတန်း (Tagline) က ဩစတြေးလျကို ကမ္ဘာ့သို့ မြှင့်တင်ပေးမည်

Last Updated:

ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရန်နှင့် သြစတြေးလျနိုင်ငံ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံရပ်ခြားတွင် ပိုမိုမြှင့်တင်နိုင်ရန် အမျိုးသားအမှတ်တံဆိပ်အသစ်နှင့် Tagline အောက်တွင် စျေးကွက်ရှာဖွေရေး ရင်းမြစ် ၃၀၀ ကျော်ကို သြစတြေးလျ စီးပွားရေးလုပ်ငန်းများအတွက် အခမဲ့ရရှိနိုင်မည်ဖြစ်ကြောင်း  ကုန်သွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

၁၅-၂-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဩစတြေးလျနိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်နှင့် Tagline (Australia’s Nation Brand and Tagline) သည် ယှဉ်ပြိုင်နိုင်သော နိုင်ငံတကာစျေးကွက်တွင် ဩစတြေးလျနိုင်ငံ၏ အရည်အသွေးမြင့် ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများ၏ ဂုဏ်သတင်းကို ချဲ့ထွင်ရန်နှင့် ကြီးထွားစေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။ စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းသည် သြစတြေးလျကို ကိုယ်စားပြုရန်အတွက် ခိုင်မာပြီး၊ တသမတ်တည်းရှိသော နိုင်ငံအမှတ် တံဆိပ်ကို လိုချင်သောကြောင့် အမျိုးသားအမှတ်တံဆိပ်နှင့် Tagline ကို တီထွင်ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျ အမျိုးသားအမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များပါဝင်သည့် ဩစတြေးလျ အမျိုးသားအမှတ်တံဆိပ် အကြံပေးကောင်စီ (Australia's Nation Brand Advisory Council) မှဦးဆောင်ခဲ့ပြီး၊ ကောင်စီကို သြစတြေးလျနိုင်ငံ၏ ထိပ်တန်းစျေးကွက်ရှာဖွေရေးနှင့် အမှတ်တံဆိပ်ထုတ်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် အမှတ် တံဆိပ်ကျွမ်းကျင်သူလုပ်ငန်းအဖွဲ့မှ ပံ့ပိုးကူညီထားကြောင်း သိရှိရသည်။

ဗဟိုအစိုးရ၊ ပြည်နယ်နှင့် နယ်မြေအစိုးရများအပြင် အကြီးတန်းစက်မှုလုပ်ငန်းကိုယ်စားလှယ် ၄၈၀ ကျော်သည် အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး၊ သြစတြေးလျနှင့် နိုင်ငံရပ်ခြားရှိ လူပေါင်း ၂၂,၀၀၀ ကျော်သည် စျေးကွက်စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသည်။ အမျိုးသားအမှတ်တံဆိပ် Logo အသစ်တွင် 'Australia' (ဩစတြေးလျ) ဟူသော စကားလုံးအပေါ်တွင် သားပိုက်ကောင်တစ်ခုပုံ ပါရှိပြီး၊ နိုင်ငံတကာနှင့် ပြည်တွင်းသုတေသနပြုချက်များအရ ဤ Logo သည် ခေတ်မီပြီး၊ စွမ်းရည်ပြည့်ဝသော နိုင်ငံတစ်ခု၏ ကိုယ်စားပြုအဖြစ် သတ်မှတ်ခံထားရသည့်အပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်း၏ ကျောထောက်နောက်ခံပါရှိကြောင်းနှင့် Logo နှင့် တွဲဖက်အသုံးပြုနိုင်သည့် “Only in Australia” (သြစတြေးလျတွင်သာ) ဟူသော စာတန်းဖြင့် ဖြည့်စွက်ထားကြောင်း သိရှိရသည်။

ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး Dan Tehan က ခိုင်မာသောအမှတ်တံဆိပ်တစ်ခုသည် သြစတြေးလျစီးပွားရေးလုပ်ငန်းများအားလုံး ယင်းတို့၏ ထုတ်ကုန်များကို ရောင်းချနိုင်စေရန်၊ ဒေသတွင်းအလုပ်အကိုင်များနှင့် စီးပွားရေးကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခိုင်မာသော အမျိုးသားအမှတ်တံဆိပ်နှင့် tagline သည် ဩစတြေးလျ နိုင်ငံကို နိုင်ငံတကာပြိုင်ဆိုင်မှုရှိသော ရင်းနှီးမြှုပ်နှံရန်နေရာတစ်ခု၊ လည်ပတ်ရန်ကောင်းမွန်သော နေရာတစ်ခု၊ အရည်အသွေး ပြည့်ဝသော ပညာရေးပံ့ပိုးပေးသူနှင့် အရည်အသွေးမြင့်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချရသော တင်ပို့သူ အဖြစ် ဂုဏ်သတင်းများကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

အမှတ်တံဆိပ်အကြံပေးကောင်စီဥက္ကဌက ခိုင်မာသော အမျိုးသားအမှတ်တံဆိပ်သည် တန်ဖိုးကြီးသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ပြည်တွင်းရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ကာ ပို့ကုန်အတွက် တန်ဖိုးတိုးစေပြီး၊ ခရီးသွားများနှင့် ကျွမ်းကျင်သော ရွှေ့ပြောင်းလုပ်သား များကို သယ်ဆောင်လာနိုင်စေမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် သြစတြေးလျ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် အစိုးရတို့ အတူတကွပူးပေါင်းပြီး၊ အားလုံးအတွက် ကမ်းလှမ်းမှုမြှင့်တင်ရန် အချိန်ဖြစ်ကြောင်း၊ ပိုမိုချိတ်ဆက်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိသော နိုင်ငံတကာစျေးကွက်တွင် ထူးခြားသော သြစတြေးလျဇာတ်ကောင်ကို စုစည်းပြီး၊ ခိုင်မာသော အမျိုးသားအမှတ်တံဆိပ် ဖြင့်ထုတ်ပိုးခြင်းနှင့် “Only in Australia” ဟူသော စာတန်းသည် အရည်အသွေး၊ တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုတို့ အတွက် သြစတြေးလျ၏ ဂုဏ်သတင်းကို ချဲ့ထွင်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News